ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲအခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့်သရုပ်ပြပွဲအခမ်းအနားအား ပဲခူးမြို့၌ဇွန်လ(၁၂)ရက်နေ့၊နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပပြုလုပ်သည့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲအခမ်းအနားအား သွားရောက်၍ ကျောင်းသား/ကျောင်းသူများ အမှိုက်ခြောက်၊အမှိုက်စို၊အန္တရာယ်ရှိသောအမှိုက်နှင့် ပလတ်စတစ်အမှိုက် ခွဲခြားစွန့်ပစ်သရုပ်ပြသနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်သည့် ကျောင်းသား/ကျောင်းသူများအား စာရေးကိရိယာများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့်သရုပ်ပြပွဲ အခမ်းအနားအား ပဲခူးမြို့၊မြို့မဈေးကြီးအတွင်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတို့၌ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့်သရုပ်ပြပွဲအား ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်တွင် ပလတ်စတစ်ညစ်ညမ်းမှု လျော့ချပေးနိုင်ခြင်း၊ အမှိုက်ပမာဏကို လျှော့ချနိုင်ခြင်းနှင့် ပြန်လည်တီထွင်အသုံးပြုနိုင်ဖို့အတွက် အခွင့်အလမ်း အများအပြားရရှိနိုင်ခြင်းတို့အပြင် လူသားတို့နေထိုင်ရာ ကမ္ဘာ့မြေထု၊လေထု၊ရေထုအတွင်း မှီတင်းနေထိုင်သည့် သက်ရှိသတ္တဝါများအတွက် အစာကွင်းဆက်ကောင်းမွန်စေခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ(၁၉)ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သည့် မြို့နယ်အလိုက် ဒေသထွက်(MSMEs)ထုတ်ကုန်များ တစ်နေရာတည်းဝယ်ယူနိုင်ရေး ဒေသထွက်ကုန်အရောင်းစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသထွက်ကုန် အမယ်သစ်များ ထပ်တိုးရောင်းချသွားရန်၊ ဒေသထွက်ကုန်အမယ်စုံ ထပ်မံဖြည့်တင်းရောင်းချရန်၊ ဒေသထွက်ကုန်ပစ္စည်းများအား အများပြည်သူစိတ်ဝင်စား ဝယ်ယူနိုင်ရေး ဆိုင်အပြင်တွင် ဗီနိုင်းများ ချိတ်ဆွဲပြသထားရန်နှင့် ပြည်မြို့နှင့်တောင်ငူမြို့တို့တွင် ထပ်မံဖွင့်လှစ်ပေးထားသည့် ဒေသထွက်ကုန် အရောင်းစင်တာများတွင်လည်း ကုန်ပစ္စည်များ၏ အရည်အသွေးနှင့် ထုတ်ပိုးမှုစနစ်များ နိုင်ငံတကာအဆင့်မီနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)