ဟုမ္မလင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး ခြင်စားငါး(ဒေါင်းငါး)များ စိုက်ထည့်ပေးခြင်း အခမ်းအနားကျင်းပ

 ဟုမ္မလင်း ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး ခြင်စားငါး(ဒေါင်းငါး)များ စိုက်ထည့်ပေးခြင်း အခမ်းအနားကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က ဟုမ္မလင်းမြို့၊ ငါးလုပ်ငန်းဦးစီးဌာန ရုံးတွင်ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စစ်ကိုးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါ်မိုးသူဇာမောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

​ရှေးဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါ်မိုးသူဇာမောင်က သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး ခြင်စားငါး(ဒေါင်းငါး)များပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဦးစီးဌာနမှူးက ဟုမ္မလင်း​မြို့၊ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံးအုပ်ကြီး ဒေါက်တာရန်နိုင်ဆွေထံ ခြင်စားငါး(ဒေါင်းငါး)များအားလည်းကောင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်က မြို့နယ်ပညာရေးမှူးထံ ခြင်စားငါး(ဒေါင်းငါး)များအားလည်းကောင်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ဦးထွန်းလင်းက အ-လ-က(၃) ကျောင်းအုပ်ကြီးထံသို့လည်းကောင်း၊ ဟုမ္မလင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်လှိုင်က အ-မ-က(၆) ကျောင်းအုပ်ကြီးထံသို့ ခြင်စားငါး(ဒေါင်းငါး)များအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး ခြင်စားငါး(ဒေါင်းငါး)များ စိုက်ထည့်ပေးခြင်းအခမ်းအနားတွင် ခြင်စားငါး(ဒေါင်းငါး)ကောင်ရေ (၂၀၀၀)အား ဖြန့်ဝေပေးခဲ့ကြပြီး၊ ဟုမ္မလင်းမြို့နယ်လုံးဆိုင်ရာပရိယတ္တိ စာသင်တိုက်ရှိ ရေကန်များတွင် ခြင်စားငါး(ဒေါင်းငါး)များအား တာဝန်ရှိသူများက သွားရောက်စိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)