မကွေး ဇွန် ၁၃
မကွေးတိုင်းဒေသကြီး၊ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ဆပ်ကော်မတီ(၈)ရပ်မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများမှ ပိုင်ရှင်/ မန်နေဂျာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ILO Convention 182 အရ ကလေးအလုပ်သမား Child Labour ဆိုသည်မှာ ဥပဒေက ခွင့်ပြုထားသော အသက်အရွယ်ထက် ငယ်ရွယ်ခြင်း၊ ဥပဒေက ခွင့်မပြုထားသော အလုပ်အမျိုးအစားတွင် လုပ်နေရခြင်း၊ ဥပဒေက ခွင့်ပြုထားသော အသက်အရွယ်ရှိသော်လည်း လုပ်ကိုင်နေရသည့် အလုပ်အမျိုးအစားနှင့် သတ်မှတ် အလုပ်ချိန်တို့ကြောင့် အလုပ်လုပ်နေသည့် ကလေး၏ ပညာရေး သို့မဟုတ် ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်းတို့ကို ဆိုလိုပါကြောင်း၊ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများဟာ လူ့စွမ်းအားအရင်းအမြစ် ဖြစ်သော ကလေးများအပေါ်တွင် များစွာမူတည်နေပြီး ကလေးသူငယ်များအား လုပ်ငန်းခွင်တွင် ဆောလျင်စွာ အသုံးပြုပါက ၎င်းတို့၏ ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့လာဆည်းပူးခွင့် အခွင့်အရေးများ ဆုံးရှုံးနိုင်ပြီး အဖိုးတန်သော လူငယ်များ ဖြစ်စေရေးကို အတားအဆီး ဖြစ်စေနိုင်သည့် အပြင် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များကို ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်တဲ့အတွက် အလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများ၊ အခက်အခဲများ၊ အားနည်းချက်များ ရှိသော်လည်း ကလေးအလုပ်သမားလျော့နည်း ပပျောက်စေရေးအတွက် အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ ရေရှည်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကလေး အလုပ်သမား ဖြစ်ပေါ်လာရခြင်းဟာ မိသားစု စားဝတ်နေရေး အခက်အခဲ ကြောင့် အများဆုံးဖြစ်ပြီး၊ ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေး ဆောင်ရွက်ရာမှာ လုပ်ငန်းခွင်အတွင်းမှာရှိတဲ့ အလုပ်လုပ်ကိုင်နေတဲ့ ကလေးများကို ရှာဖွေဖော်ထုတ်ပြီး ဖယ်ရှားပစ်ရုံဖြင့် ဆောင်ရွက်၍ မရသော ကြောင့် နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး အခမဲ့ပညာ သင်ကြားခွင့် စနစ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကလေးသူငယ်များ၏ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်၏ အနာဂတ်ကို ကောင်းမွန်စွာ ဖန်တီးပေးနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမားများ လျော့နည်းစေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးလုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာလုပ်ငန်းဆပ် ကော်မတီ(၈)ရပ်မှ အဖွဲ့ဝင်များ၊ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများမှ ပိုင်ရှင်/မန်နေဂျာများ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ထိုက်တွန်းပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင် တိုက်ဖျက်ရေးနေ့နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူးမှ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးလုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ (၈) ရပ်တို့၏ လုပ်ငန်းဆောင်ရွက် နေမှုများအား ရှင်းလင်းပြောကြားကာ၊ တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဒေါ်မိသန္တာမြင့်မှ ကလေးအလုပ်သမား ခိုင်းစေခြင်းနှင့်စပ်လျဉ်းသည့် မူဝါဒနှင့် ဥပဒေ အကြောင်းအရာများအား အသိပညာပေး ဆွေးနွေးပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဒေါ်ခင်သူဇာမှ အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပြောကြားကာ၊ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာလုပ်ငန်းကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်ညီညာ