ကျွန်းစု ဇွန် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) သမဝါယမကဏ္ဍမှ မြို့နယ်အတွင်းရှိ လယ်ဧက ၄၃၀ အတွက် သွင်းအားစုဖိုး ပံ့ပိုးငွေကျပ် သိန်း ၈၆၀ နှင့် ညီမျှသော မျိုးစပါး/သွင်းအားစုပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်စိမ့်ထွန်းက ကျွန်းစုမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက ၄၃၀ အား ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် မိုးစပါးတောင်သူများအား မျိုးစပါး/သွင်းအားစုများ ပေးအပ်ခြင်းတို့ကို ရှင်းလင်းပြောကြားသည်။
ထိုနောက် ကျွန်းစုမြို့နယ်အတွင်း ပဲယာကျေးရွာ၊ သမာဓိ (လယ်ယာနှင့်အထွေထွေ) သမဝါယမအသင်းမှ အသင်းသားတောင်သူ ၈၁ ဦး၊ စိုက်ပျိုးဧက ၄၃၀ အတွက် ပံ့ပိုးငွေကျပ် သိန်း ၈၆၀ နှင့်ညီမျှသော မျိုးစပါး/သွင်းအားစုများအား ကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)