မြောင်းမြခရိုင် (Community Centre) ခန်းမတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

မြေင်းမြ ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး  အဂတိလိုက်စားမှု၏ အနက်အဓိပ္ပာယ်၊ အဂတိတရား (၄)ပါးအကြောင်း၊ အဂတိလေ့လာလိုက်စားမှုကြောင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများ ထိခိုက်ပျက်စီးပြီး နိုင်ငံတော်၏ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အဟန့်အတားဖြစ်နေသည့် အဂတိလိုက်စားမှုများကို နိုင်ငံတစ်ဝှမ်းတွန်းလှန်တိုက်ဖျက်မှုများကို ဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြောင်းမြခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတပ်ကြပ်ကျော်ဇင်ဦးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် ဝန်ထမ်းစာဖတ်ဝိုင်းများ၊ Club များဖြင့် စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများ၊  ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဇေယျာ(ပြန်/ဆက်)