မုံရွာ ဇွန် ၁၃
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနေနှုန်းမြင့်မားရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာပြန်လည်ဖြေဆိုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂ ကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရာခိုင်နှုန်း တိုးတက်မြင့်မားအောင် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မကြာမီပြန်လည်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲကြီးအား လုံခြုံအေးချမ်းတည်ငြိမ်စွာဖြင့် အောင်မြင်အောင် အစမှအဆုံးပြီးဆုံးသည်အထိ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်း ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းများသို့ ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းအပ်လက်ခံရရှိရေး အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနေနှုန်းမြင့်မားရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာပြန်လည်ဖြေဆိုနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တိုင်းဒေသကြီးအတွင်းရှိ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းများသို့ ကျောင်းအပ်လက်ခံရရှိမှုအခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ် ဖြင့်လည်းကောင်း၊ မုံရွာခရိုင်/ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိမိတို့ခရိုင် များအတွင်းရှိ မြို့နယ်များ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနေ နှုန်းမြင့်မားရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာပြန်လည်ဖြေဆိုနိုင်ရေး ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနေနှုန်းမြင့်မားရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ပြန်လည်ဖြေဆိုနိုင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)