ရေတာရှည်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါတိုက်ဖျက်ရေးအတွက် အသိပညာပေးကွင်းဆင်းဆောင်ရွက်

ရေတာရှည် ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင်ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး၏ လမ်းညွှန်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ရေတာရှည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ မိုးရာသီကာလ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ကျောင်းဝန်း အတွင်းရှိ ဘုရားပန်းအိုးများနှင့် ရေလှောင်ကန်များအား ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်း၊ ရေလှောင်ကန်များ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

 အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငုဝါကျော်နှင့် အဖွဲ့ဝင်များမှ ပါဝင်အားဖြည့်ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများကိုလည်း သက်ဆိုင်ရာ ဆရာ/ဆရာမများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)