လွိုင်ကော် ဇွန် ၁၂
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မွေးမြူရေးကဏ္ဍအောင်မြင်ဖြစ်ထွန်းပြီး ပြည်နယ်အတွင်း စားသုံးမှု ဖူလုံစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နေမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဝက်မွေးမြူရေးခြံသို့ရောက်ရှိကာ အသားတိုးဝက်များ၊ မျိုးဝက်မများနှင့် ဝက်သိုးများ မွေးမြူထားရှိမှု၊ ဝက်သားပေါက်များ ပြုစုထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ လိုက်လံရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ မွေးမြူရေး ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် အသားဖူလုံစေရေးအတွက် ပုဂ္ဂလိက မွေးမြူရေး လုပ်ငန်းရှင်များကို အားပေးကူညီဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လိုအပ်ချက်များ၊ အခက်အခဲများနှင့် တိရစ္ဆာန် ရောဂါများ ဖြစ်ပွားပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်မီတင်ပြ အကူအညီရယူရန် ဖြစ်ကြောင်းနှင့် ယခုထက် ပိုမိုတိုးချဲ့မွေးမြူနိုင်ရေး ကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လွိုင်ကော်မြို့၊ နမ့်ကွတ်ရပ်ကွက်ရှိ အသားတိုးကြက်မွေးမြူရေးခြံများသို့ သွားရောက်ကာ အသားတိုးကြက်မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ မွေးမြူရေးလုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်မှုများက လိုက်လံရှင်းလင်းပြသပြီး လုပ်ငန်းလိုအပ်ချက် တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ လွိုင်ကော်မြို့၊ ပန်ကန်းကျေးရွာရှိ ဥစားကြက်မွေးမြူရေးခြံများသို့ သွားရောက်ကာ ဥစားကြက်များ မွေးမြူအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများက မွေးမြူထားရှိသည့် အခြေ အနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်က ကြက်မွေးမြူရေးခြံများသည် ပတ်ဝန်းကျင် အခြေအနေကောင်းများရှိသဖြင့် ယခုထက် ပိုမိုတိုးချဲ့မွေးမြူနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ အရင်းအနှီးလိုအပ်ချက်များရှိလာပါက နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ ထပ်မံပံ့ပိုးကူညီပေး မည်ဖြစ်ကြောင်း၊ မွေးမြူရေးခြံများအား စံသတ်မှတ်ချက် များနှင့် အညီ စနစ်တကျ မွေးမြူနိုင်အောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ထို့နောက် ရေနီကန်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် စံပြဝက်မွေးမြူရေးခြံများ တည်ဆောက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူများက အသားတိုးဝက်နှင့် မျိုးဝက်မများ မွေးမြူမည့်အခြေအနေအား ရှင်းလင်း တင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က စံပြမွေးမြူရေးခြံတွင် ထည့်သွင်းတည်ဆောက်ရမည့် စံသတ်မှတ်ချက်များ ပြည့်စုံစွာ ထည့်သွင်းတည်ဆောက်သွားရန်၊ မွေးမြူရန် သတ်မှတ်ထားသည့် အကောင်ရေ အပြည့်မွေးမြူရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလ ပြီးစီးရေးနှင့် ပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်းရှင်များသို့ လက်တွေ့သရုပ်ပြ အသိပညာပေးရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲအတွင်းရှိ ပျားဘုရင်မ မွေးမြူရေးစခန်းတွင် ပျားများ မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)