သဲကုန်း ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ကန်နှစ်ဆင့်ကျေးရွာအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ မတည်ငွေကျပ်သိန်း (၁၅၀) ဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ "အလိမ္မာ" ကျေးရွာစာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ စာကြည့်တိုက်အဆောက်အအုံသစ်ကို ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ခင်ရွှေဝါဖူး၊ သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ မြို့နယ်ရဲတပ်ဖွဲမှုးရဲမှူး တင်မိုးဇော်၊ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဦးစိုးဇော်လှိုင်နှင့် ရပ်မိရပ်ဖ ဦးဝင်းတင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် "အလိမ္မာ" စာကြည့်တိုက်ရှေ့တွင် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပြီး တာဝန်ရှိသူများက ကမ္မည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့်တာဝန်ရှိသူများမှ "အလိမ္မာ" စာကြည့်တိုက်သို့ သုတ၊ ရသစာအုပ်များ လှူဒါန်းပေးအပ်ခဲ့ပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ "အလိမ္မာ" စာကြည့်တိုက်အား မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ စာကြည့်တိုက်အဆောက်အအုံအတွက် ငွေကျပ်သိန်း ၁၀၀၊ စာအုပ်၊ စာစောင်များအတွက် ငွေကျပ် သိန်း ၂၀ နှင့် ပရိဘောဂပစ္စည်းများအတွက် ငွေကျပ် သိန်း ၃၀ စုစုပေါင်းကျပ်သိန်း (၁၅၀) မတည်လှူဒါန်းပြီး ကျေးရွာမှလှူဒါန်းငွေကျပ် ၄၂ သိန်းကျော်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)