ပေါင်းတည် ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာတိုးပွား၍ ဆောင်ရန် ရှောင်ရန်များ သိရှိလာစေရန်နှင့်စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိ၍ အသိပညာဗဟုသုတများတိုးပွားစေရန် လူငယ်ရေးရာ အသိပညာပေးနှင့် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းက အ-မ-က (သိမ်ကြီးရပ်)နှင့် အမက(ရွှေတောင်လမ်း)သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိဦးစီးမှူး(စာကြည့်တိုက်မှူး) ဒေါ်နှင်းနုနွယ်ကလူငယ်နှင့် မူးယစ်ဆေးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာပေကျေးဇူးအကြောင်းကို ဟောပြောခဲ့ကာ ဝန်ထမ်းများက ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း၊ စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောခြင်း၊ ရုပ်ပုံပါစာအုပ်ဖြင့် ပုံပြင်ပြောခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ကျောင်းသူလေးများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ ပြသပေးခြင်း၊ ဖတ်ရှုစေခြင်းအပြင် စာအုပ်များအား ငှားရမ်းပေးခဲ့ကြသည်။
ဆက်လက်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား ကျောင်းသူလေးများက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ရွှေသား(IPRD)