အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ဒိုက်ဦး၌ကျင်းပ

ဒိုက်ဦး ဇွန် ၁၂

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ဒုတိယဦးစီးမှူး ဒေါ်အေးအေးစိုးက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး နောက်ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်မြင့်မောင်စိုးက မူးယစ်ဆေးဆိုသည်မှာ၊ ဘိန်းသုံးစွဲခြင်း၊ ဘိန်းဖြူသုံးစွဲခြင်း၊ စိတ်ကြွမူးယစ်ဆေးသုံးစွဲခြင်း၊ အိုက်စ်သုံးစွဲခြင်း၊ အက်တက်စီသုံးစွဲခြင်း၊ ကိုကင်းသုံးစွဲခြင်း၊ ဆေးခြောက်သုံးစွဲခြင်း၊ ဆေးလိပ်သုံးစွဲခြင်းတို့ကြောင့် ဖြစ်ပွားတတ်သည့်ရောဂါလက္ခဏာများ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းရင်းများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်တတ်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် မူးယစ်ဆေးဆိုင်ရာပြစ်မှုနှင့် ပြစ်ဒဏ်များ အကြောင်း၊ မူးယစ်ဆေးဝါးသတင်းနှင့် ပတ်သက်လာလျှင် ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်များကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများနှင့် ဉာဏ်စမ်းပဟေဠိ ကျင်းပကာ ဖြေဆိုနိုင်သော ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်ပေးခဲ့သည်။

၎င်းနောက်မူးယစ်ဆေးဝါးနှင့် ပတ်သက်သောနံရံကပ်ဘုတ်များအားပြသကာ အခမ်းအနားကိုရုပ် သိမ်းခဲ့သည်။

အခမ်းအနားသို့အမှတ် (၆) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)မှကျောင်းသား/ကျောင်းသူ ၄၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)