လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၂

ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး အောင်သုခဆေးကုသဆောင်၌ ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးဆန်းအောင် ဦးဆောင်မှုဖြင့် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက် လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ သွေးလှူဒါန်းကြမည့် ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်တိုင်းပေးခြင်း၊ သွေးဖောက်စစ်ဆေးခြင်းများ ပြုလုပ်ကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးဆန်းအောင ်ဦးဆောင်သည့် ဝန်ထမ်းများ၊ ပဲခူးခရိုင်အတွင်းရှိ ဦးစီးမှူးရုံးများမှဝန်ထမ်းများနှင့် ညောင်လေးပင်ခရိုင်အတွင်းရှိ ဦးစီးမှူးရုံးများမှဝန်ထမ်းများ စုပေါင်းကာ သွေးပုလင်း(၁၈)ပုလင်းကို လှူဒါန်းမှုပြုကြသည်။

သွေးလှူဒါန်းကြသည့်ဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဆန်းအောင်နှင့် ဌာနမှအရာရှိကြီးများ၊ ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု့ ဂုဏ်ပြုအားပေးစကားပြောကြားပြီး အာဟာရပြည့်မုန့်များ၊ အအေးဘူး၊ ကြက်ဥနှင့် ဆေးဝါးများကို ပေးအပ်ခဲ့ကြသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးဦးစီးမှူး၏ဦးဆောင်လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်အတွင်းရှိ ဦးစီးမှူးရုံးမှ ဝန်ထမ်းများစုပေါင်း၍ တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီး၌ သွေးပုလင်း(၁၁)ပုလင်း၊ သာယာဝတီခရိုင်အတွင်းရှိ ဦးစီးမှူးရုံးမှဝန်ထမ်းများစုပေါင်း၍ သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီး၌ သွေးပုလင်း(၂၀)ပုလင်း၊ ပြည်ခရိုင်နှင့် နတ်တလင်းခရိုင်အတွင်းရှိ ဦးစီးမှူးရုံးမှဝန်ထမ်းများစုပေါင်း၍ ပြည်ခရိုင်ပြည်သူ့ဆေးရုံကြီး၌ သွေးပုလင်း(၃၄)ပုလင်းအား စုစု‌ပေါင်း(၈၃)ဦးတို့မှ သွေးပုလင်း(၈၃)ပုလင်းအား လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)