ပုသိမ်၌ ကွမ်းစျေးနှုန်းမြင့်တက်လာ၍ ကွမ်းစိုက်တောင်သူများ အဆင်ပြေ

ပုသိမ် ဒီဇင်ဘာ ၁၄

ပုသိမ်မြို့နယ်၊ ကမ်းနီဖျားကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာတွင် တစ်ရွာလုံး လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းကို လုပ်ဆောင်လျက်ရှိရာ တစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ငန်းဖြစ်သည့် ကွမ်းစိုက်ပျိုးခြင်းကို အိမ်တိုင်းလိုလို စိုက်ပျိုးနေကြောင်းသိရသည်။ ကျေးရွာတွင် လူနေအိမ်ခြေ စုစုပေါင်း ၇၀၊ ၈၀ ခန့် နေထိုင်လျက်ရှိပြီး အိမ်တိုင်း လိုလို ကွမ်းရွက်များစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ကွမ်းစိုက်သူ ဦးစိုးဝင်းမောင်က ကွမ်းပင်ပေါင်း သုံးလေးထောင်ခန့်စိုက်ပျိုးထားရှိသည်။ ကွမ်းပင်ကို စတင်မစိုက်ပျိုးမီ စိုက်ပျိုးရန်မြေနေရာကို မြေကြီးများ ကြေမွတ် ချောမွေ့အောင် ဆောင်ရွက်ပြီး ဝါးတိုင်များကို ၆ လက်မခန့်အကွာ စိုက်ထူကာ တိုင်ခြေရင်းတွင်ဘောင်ဖို့ပြီး ကွမ်းညွန့် များစိုက်ပျိုးရသည်။ ဝါးတိုင်ခြေရင်းတွင် ကွမ်းညွှန့်များကို လဲကျမသွားအောင်နှီးဖြင့် တိုင်တွင် ထိန်းပတ်ထားရသည်။ အနည်းဆုံးကွမ်းညွှန့်တစ်ထောင်ခန့် စိုက်ပျိုးမည်ဆိုပါက ကွမ်းညွန့် တစ်ပင်ကို(၄၀/၅၀) ပြားဖြင့် ကျန်းမာရေး ကောင်း၍ အညွန့်များသန်မာသည့် ကွမ်းညွန့်များကို သာပေါင်းမြို့နယ်အနီးမှ ဝယ်ယူပြီး၊ ကြက်သောင်းဝါး၊ သိုက်ဝါးစသည့်ဝါးများကို စျေးနှုန်း တစ်ရာစည်းတစ်စည်းလျှင် လေးငါးသောင်းနှုန်းဖြင့် ဝယ်ယူထားရကြောင်း စိုက်ပျိုးသူမှပြောသည်။

စတင်စိုက်ပျိုးချိန်မှ တစ်ပတ်ခန့်အကြာတွင် အမြစ်များကုတ်ပြီဆိုသည်နှင့် အောက်ခြေ အရွက်ကြမ်းများ ခူးဆွတ်ရသည်။ နှစ်လခန့်အကြာ မနက်/ည ရေလောင်းပြီးပါက ကွမ်းရွက်များ စတင်ခူးယူရောင်းချ၍ရပြီဖြစ်သည်။ ကွမ်းရွက်စ တင်ခူးယူစဉ်က ၆/၇ လပိုင်းခန့်တွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများကြောင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကြောင့် ကွမ်းယာဆိုင်များရောင်းမကောင်းဖြစ်ကာ စျေးကောင်းမရ ဖြစ်နေပြီး ငါးထောင်ခြောက် ထောင်စျေးနှုန်းဖြင့် ရောင်းချနေရသည်။ ယခု ၁၁/၁၂ လပိုင်းတွင် တစ်သောင်းကျော်အထိ စျေးနှုန်းမြင့်တက်လာကြောင်း၊ ယခုလပိုင်းတွင် ကွမ်းစျေးမြင့်တက်လာနေ၍ မိသားစုဝင်ငွေကောင်း၍ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။

မြင့်ဟန် (ပုသိမ်ပြန်/ဆက်)