ဟင်္သာတ ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ဆေးရုံသစ်လမ်းရှိ ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်၊ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ ဖြိုးဝေဝင်းက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင်တက်ရောက်ကုသလျက်ရှိသော လူနာများအတွက် သွေးလိုအပ်မှု အခြေအနေများ၊ ယခုလိုသွေးလှူဒါန်းခြင်းကြောင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများနှင့် လှူဒါန်းမှုအတွက် ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဟင်္သာတခရိုင်ဦးစီးမှူး ဒေါ်သီတာအောင်က မိမိတို့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ် (၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သွေးအမျိုးအစားအလိုက် ဝန်ထမ်း(၁၂)ဦးတို့မှ သွေးလှူဒါန်းခြင်း၊ သွေးလှူဒါန်းသူဝန်ထမ်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ နွားနို့၊ ကြက်ဥ၊ ကိတ်မုန့်၊ သွေးအားတိုးဆေးနှင့် Royal D အားဖြည့် အချိုရည်တို့အား ပြန်လည်ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ဟင်္သာတ သွေးလှူဘဏ် အတွက် မတည်ငွေပဒေသာပင် အလှူငွေ (၃၀၀၀၀၀) ကျပ်လှူဒါန်းခြင်း၊ ကျောက်ကပ်ဝေဒ နာရှင် (၉)ဦးအတွက် လှူဒါန်းငွေ (၁၈၀၀၀၀)ကျပ်တို့အား ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများက လှူဒါန်းခြင်းများပြုလုပ်ခဲ့ကြသည်။
အဆိုပါသွေးလှူဒါန်းပွဲအခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးဒေါ်သီတာအောင်နှင့်ဝန်ထမ်းများ၊ ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဖြိုးဝေဝင်းနှင့်တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ မြန်အောင်မြို့နယ်၊ အင်္ဂပူမြို့နယ်နှင့် ကြံခင်းမြို့နယ်တို့မှ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးများနှင့်ဝန်ထမ်းများ စုစုပေါင်းအင်အား (၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)