ခန္တီးမြို့၌ စာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်

ခန္တီး ဇွန် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက် (၉) နာရီအချိန်က ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန၏ အဓိကလုပ်ငန်းဖြစ်သည့် စာကြည့်တိုက်လုပ်ငန်းအား ပိုမိုသိရှိနားလည်လာစေရန်နှင့် ဝန်ထမ်းတိုင်းစာကြည့်တိုက်လုပ်ငန်းအား ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ စာကြည့်တိုက်ပညာသင်တန်း စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ဦးစွာ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင် သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ပြောကြားပြီး စာကြည့်တိုက်မှူးများ၏ ဝန်ဆောင်မှုလုပ်ငန်းတာဝန်များနှင့်ပတ်သက်၍လည်းကောင်း၊ စာဖတ်ပရိတ်သတ်များက ပြည်သူ့စာကြည့်တိုက်အပေါ် ထင်မြင်ယူဆချက်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်အေးအေးခန့်က Digital Library Management System (DLMS) ဖြင့် ကတ်တလောက်ရေးသွင်းနည်း၊ စာစုစာရင်းပြုစုနည်းများနှင့်ပတ်သက်၍လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်တင်မာဦးက စာစု/စာပြု လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါသင်တန်းမှာ ဇွန်လ (၁၂) ရက်နေ့မှ (၁၃) ရက်နေ့ ထိ (၂) ရက်တာ စာတွေ့လက်တွေ့ သင်ကြားပြသသွားမည်ဖြစ်ပြီး ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း (၈) ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ကမ်းကီး (ပြန်/ဆက်)