ကြံခင်းမြို့နယ်အတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် life jacket အင်္ကျီ၊ ဦးထုပ်နှင့် ဘောကွင်းပေးအပ်ပွဲကျင်းပ

ကြံခင်း ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိခန်းမ၌ ယနေ့နံနက် ၁၀ နာရီက သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် life jacket အင်္ကျီ၊ ဦးထုပ်နှင့် ဘောကွင်းပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က ဧရာဝတီမြစ်ရေကြီးမြင့်လာမှုကြောင့်ရေဝင်ရောက်နိုင်သည့်နေရာများ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကော်မတီအဖွဲ့များက ဝိုင်းဝန်းဆွေးနွေး ကြစေလိုကြောင်း၊ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ရာတွင် ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ တရိစ္ဆာန်များထားရှိမည့်နေရာများ၊ ကွပ်ကဲမှုအဖွဲ့၊ ကြီးကြပ်ရေးအဖွဲ့များ ထားရှိရန်နှင့် သဘာဝဘေးမဖြစ်ပေါ်မီ ဇာတ်တိုက်လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများအား ကော်မတီဝင်များက သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်း၍ ဆောင်ရွက်သွား​ကြရန်ပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်က သဘာဝဘေးဖြစ်ပေါ်လာပါက အရေးပေါ်စုဖွဲ့ထားရှိမှုအ​ခြေအနေ၊ မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသော ရေကြီးရေလျှံမှုများ၊ မြေပြိုကျခြင်းများ၊ ဘေးအန္တရာယ်နှင့်ပတ်သက်ပြီး အရေးပေါ်ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရှိမှုများအားလည်းကောင်း၊ ဘက်ရဲမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက ရပ်ကွက်များရှိ မြေနိမ့်ပိုင်းများနှင့် ချောင်းအနီးရှိနေအိမ်များ မိုး​များခြင်း ကြောင့် တောင်ကျရေစီးဆင်းလာပြီး မြေနိမ့်ပိုင်းများနှင့် ချောင်းအနီးရှိနေအိမ်များအတွင်းသို့ မိုးရေဝင်ရောက်မှု နှစ်စဉ်ဖြစ်ပေါ်လျက်ရှိကြောင်း၊ လူနှင့်တရိစ္ဆာန်များ ထိခိုက်မှုမဖြစ်ပေါ်ရေး ဆောင်ရွက်လျက်ရှိကြောင်း တင်ပြခဲ့သည်။ ဆက်လက်၍ ကော်မတီများအဖွဲ့ဝင်များက အသီး သီး တင်ပြဆွေးနွေးကြပြီး မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌက တင်ပြချက်များအားညှိနှိုင်းက လုပ်ငန်းစီမံချက်များနှင့် ဖွဲ့စည်းတာဝန်ပေးအပ်မှုများ ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်မီးသတ်ဦးစီးမှူးတို့က ဘက်ရဲမြို့တွင် သဘာဝဘေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အသုံးပြုနိုင်ရန် life jacket အင်္ကျီ ၁၀ ထည်၊ ဦးထုပ် အလုံး ၂၀ နှင့် ဘောကွင်း ၄ ခုတို့အား ပေးအပ်ခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးထံလွှဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း