ပုသိမ် ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ လယ်တီကျေးရွာတွင် ပြုလုပ်သော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား (RS)မျိုးစေ့ပေးအပ်ခြင်း၊ ကြဲခင်းစနစ်ပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ(Drum Seeder)များ ပေးအပ်ခြင်းနှင့်သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည်ထိုးထည့်သွင်းစိုက်ပျိုးပွဲအခမ်းအနား တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “မိမိတို့တိုင်းဒေသကြီးအနေဖြင့် ရေတော်မိုးတော် မိုးစပါးစိုက် ဧကအားလုံးတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးသွားမှာ ဖြစ်ပါကြောင်း၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာများ ကောင်းမွန်လာမှာ ဖြစ်ပြီးမြေဩဇာသုံးစွဲမှုများကိုလျော့ချနိုင်မှာဖြစ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာများ အချိုးကျသုံးစွဲကြရန်၊ စိုက်နည်းစနစ်များ ပြောင်းလဲ စိုက်ပျိုးကြရန်နှင့် အထွက်တိုးမျိုးကောင်းမျိုးသန့် စပါးများစိုက်ပျိုးကြရန်လိုပါကြောင်း၊ ယခုနှစ် မိုးစပါးရာသီတွင် မျိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရမည်ဖြစ်၍ ပန်းတိုင်အထွက်နှုန်း ရရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုပါကြောင်း၊ တောင်သူများကလည်း မိုးစပါးအထွက်နှုန်း ပန်းတိုင်ရောက်ရှိရေး စနစ်တကျစိုက်ပျိုးကြရန်နှင့် စိုက်ပျိုးရေးဦးစီးဌာနဝန်များမှ ကျေးရွာများ အရောက်ကွင်းဆင်းကာ စိုက်ပျိုးရေးအသိပညာပေးခြင်းများ ဆောင်ရွက်ကြရန်၊ စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာနှင့် ပဲပုတ်ကို စိုက်ပျိုး ဆောင်ရွက်လျက်ရှိရာ အောင်မြင်အောင်စိုက်ပျိုးနိုင်ရေးနှင့် ရာသီအလိုက်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်း ကျောင်းများကို တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ပေးလျက်ရှိရာ အခြေခံပညာအလယ်တန်း အောင်မြင်သူများအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် တန်းစဉ်ကူးပြောင်းရေးနှင့် ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ကြောင်း” ပြောကြားခဲ့ပြီး သာပေါင်းမြို့နယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ သာပေါင်းမြို့နယ် အုပ်ချုပ်ရေးမှူးမှ သာပေါင်းမြို့နယ်အတွင်း ရေတော်မိုးတော် စပါးစိုက်ခင်းများတွင် သစ်စိမ်း မြေဩဇာထည့်သွင်းစိုက်ပျိုးမှု၊ သီးနှံစုံအထွက်နှုန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ တောင်သူများအား စပါးမျိုးကောင်း မျိုးသန့်များနှင့် မျိုးစေ့ချကိရိယာ(Drum Seeder)များ ပေးအပ်ခဲ့ပြီး တောင်သူ ဒေါ်လှမိုးခိုင်၏ မိုးစပါးစိုက်ဧက(၈)ဧကတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည်ထိုးမြေသွင်း စိုက်ပျိုးမှုများအား ကြည့်ရှုအားပေးခဲ့သည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်း ကျေးရွာ အုပ်စု၊ လယ်တီကျေးရွာရှိ တောင်သူဦးဇော်ဝင်းထွန်း၏ မိုးစပါးစိုက်ဧက(၂)ဧကတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည်ထိုးထည့်သွင်း စိုက်ပျိုးမှုများအား ကြည့်ရှုအားပေးခဲ့ပြီး မယ်ထွေးလေးအဆင့်မြင့်ဆန်စက်သို့ သွားရောက်၍ ဆန်စက်အတွင်းစပါးကြိတ်ခွဲနေမှုများအား ကြည့်ရှုအားပေးကာ တောင်သူများအား အရည်အသွေးကောင်း အထူးအထွက်တိုး စပ်မျိုးစပါး (နယူးဧရာ-11)များ ပေးအပ်၍ တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ကျော်ဟိန်း