ပုသိမ် ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကျောင်းအိုင်ကျေးရွာ၌ ပြုလုပ်သော "လင်းလက်နေခြည်" စာကြည့်တိုက်သစ်ဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က စာကြည့်တိုက်အသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စာအုပ်၊ စာစောင်နှင့်အလှူငွေများအားပေးအပ်ရာ စာကြည့်တိုက်ကြီးကြပ်မှုကော်မတီ စာကြည့်တိုက်မှူးကလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှလှူဒါန်းသော စာအုပ်၊ စာစောင်နှင့် အလှူငွေများအား ကျေးရွာအုပ်ချုပ်ရေးမှူးမှလည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြသည်။ ထို့နောက် စာကြည့်တိုက်သစ်ဖွင့်ပွဲအမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာစာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူများစာအုပ်စာပေဖတ်ရှုမှုများ၊ စာကြည့်တိုက်ခင်းကျင်းထားရှိမှုများအား ကြည့်ရှုအားပေး ခဲ့ပြီး စာအုပ်စာစောင်များစုံလင်စွာထားရှိစေရေး၊ စာအုပ်ငှားရမ်းဖတ်ရှုမှုများအား စနစ်တကျမှတ်တမ်းများထားရှိစေရေးနှင့် ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်မှာကြားခဲ့ပြီး အကအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ "လင်းလက်နေခြည်" စာကြည့်တိုက်အား မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှလှူဒါန်းသည့် ငွေကျပ်သိန်း (၁၅၀) နှင့် အလှူရှင်မှလှူဒါန်းငွေ (၆၅) သိန်း၊ စုစုပေါင်း ငွေကျပ်(၂၁၅) သိန်းဖြင့် ဆောက်လုပ်ခြင်းဖြစ်ပြီး၊ အလျား ၂၀ ပေ၊ အနံ ၁၉ ပေ၊ အမြင့် ၁၃ ပေဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်းသိရသည်။
ကျော်ဟိန်း (ပြန်/ဆက်)