ပိုင်ကျုံ ဇွန် ၁၂
လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်နှင့်ဉာဏ်ဏစွမ်းရည်မြှင့်မားစေရေးအတွက် ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာအုပ်စုရှိ အ-မ-က ထီးဖိုးမယ်ဘောကျောင်းနှင့် မူ(လွန်)မိုးနိုင်းကျောင်းတို့၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှုက ကျောင်းသားလူငယ်များ သိသင့်သိထိုက်သော မူးယစ်ဆေးဝါးအန္တရာယ်များနှင့် ပတ်သက်သည့် မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ စိတ်ကိုပြောင်းလဲစေသောဆေးများ၏အဓိပ္ပာယ်၊ စွဲလမ်းစေတတ်သော ဆေးဝါးများနှင့် အရက်သောက် ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ စသောအချက်များကို ဆွေးနွေးပြောကြားခဲ့ပြီး ပြသထားသည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သော အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသားလူငယ်များတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုဟောပြောပွဲများကို ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြားဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကျောင်းဖွင့်သည့်ကာလအတွင်း အခြေခံပညာကျောင်းများသို့ လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)