မကွေး ဇွန် ၁၂
ယနေ့ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီက အလျား ၂၀ ပေ၊ အနံ ၉ ပေ ရှိ "ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့" အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက်ပိုင်းက မကွေး-တောင်တွင်း လမ်းမကြီး၊ မကွေးပညာရေးဒီဂရီကောလိပ်ရှေ့ (ကြာပန်းအဝိုင်း) တွင် စိုက်ထူဆောင်ရွက်ခဲ့သည်။
မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင်ကို၀င်းနှင့် အဖွဲ့ဝင်များက " ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ " အသိပညာပေးမြေစိုက်ပိုစတာအား အမွေးနံသာရည်များ ပက်ဖျန်း ၍ဖွင့်လှစ်ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် လူမှုရေးရာဝန်ကြီးနှင့် တာ၀န်ရှိသူများ စုပေါင်း၍ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ဆိုင်ရာ သိကောင်းစရာအကြောင်းများပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာ ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ယနေ့ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာများကို မကွေးမြို့ အဝေးပြေးယာဥ်ရပ်နားကွင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအလိုက် စိုက်ထူထားကြောင်းသိရသည်။
ခရိုင်/ပြန်ဆက်