ထားဝယ် ဇွန် ၁၂
ဇွန်လ ၁၅ ရက်နေ့တွင်ကျရောက်မည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ်(၃၀)ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးဆောင်၍ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့်ပြင်ပ လူနာဌာနအပေါ်ထပ်၊ အမျိုးသားသွေးလှူဘဏ်၌ကျင်းပခဲ့သည်။
စုပေါင်းသွေးလှူဒါန်းပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးနှင့်တာဝန်ရှိသူများက တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းနေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းကြသူများအား အာဟာရဖြည့်စားသောက်ဖွယ်ရာနှင့် လက်ဆောင်ပစ္စည်းများပေးအပ်သည်။
သွေးလှူဒါန်းရာ၌ ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြသည့် ဝေဒနာရှင်များမှ သွေးလိုအပ်သည့်အခါ အဆင်ပြေစွာဖြင့် သွေးသွင်းကုသ နိုင်ရန်အတွက် စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးက ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူရန် လာရောက်လျက်ရှိသည့်ဝေဒနာရှင်များ၊ မျက်စိဝေဒနာရှင်များ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ ကလေးမိခင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
အလားတူပင်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့ နယ်ရုံးများမှဝန်ထမ်းများစုစုပေါင်း (၂၀)ဦးတို့ကသက်ဆိုင်ရာ အမျိုးသားသွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်းကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)