ဒေးဒရဲ ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ၂၀၂၅ ခုနှစ် မေလ (၂၉) ရက်နေ့နှင့် (၃၀) ရက်နေ့တို့၌ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ပင်လယ်ဒီရေမြင့်တက်လာမှုတို့ကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုနှင့် မိသားစုဝင်များအား ယမန်နေ့မွန်းလွဲ (၂) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အလှူငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်က လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် အလှူငွေများ ပေးအပ်ရခြင်းလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမမအောင်တို့က တော်ချိုက်ကျေးရွာအုပ်စုရှိ ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် (၂၉) လုံးနှင့် လေဘေးသင့် အိမ်ထောင်စုဝင် (၂၉) စုရှိ လူဦးရေ (၁၂၁) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ၊ စုစုပေါင်း (၃၅၀၅၀၀၀) ကျပ်၊ မရမ်းအနောက်ကျေးရွာအုပ်စုရှိ နေအိမ်ပြိုကျ ပျက်စီးခဲ့သည့် လူနေအိမ် (၁၅) လုံး၊ အိမ်ထောင်စု (၁၅) စုရှိ လူဦးရေ (၄၈) ဦးအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ၊ စုစုပေါင်း (၁၇၄၀၀၀၀)ကျပ်နှင့် တိုးကျေးရွာအုပ်စုရှိ ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စုရှိ လူဦးရေ (၁၇) ဦးအတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ၊ စုစုပေါင်း (၅၈၅၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းပုံးများအား ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အေဇာလင်း