ဘိုကလေးမြို့နယ်တွင်းမှ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် ခြင်၊ ယင်မပေါက်ဖွားစေရေးတို့ဆောင်ရွက်

ဘိုကလေး ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရေး၊ မြို့တွင်း၌ ရေဆိုးရေညစ်များ ကိန်းဝပ်နေပြီး ခြင်ပေါက်ဖွားမှုမရှိစေရေး၊ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော ရောဂါများ မဖြစ်ပွားစေရေးတို့အတွက် ယနေ့နံနက် (၁၀) နာရီ အချိန်တွင် ဘိုကလေးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ဦးအောင်‌ဇေယျလမ်းဘေး ဝဲဘက်နှင့် ယာဘက်တို့မှ ရေမြောင်းများအား စက်ယန္တား၊ လုပ်အားတို့ဖြင့် တူးဖော်ခြင်း ဆောင်ရွက်သည်။

တူးဖော်ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်နှင့် ဝန်ထမ်းများ၊ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရေမြောင်းအတွင်းမှ ပိတ်ဆို့နေသော အမှိုက်သရိုက်များအား တူးဖော်ဖယ်ရှားခဲ့ကြောင်းနှင့် ရေမြောင်း တစ်လျှောက် ပတ်ဝန်းကျင်၌ ရှိသော လူနေအိမ်များ၊ ဈေးဆိုင်များ၏ ပိုင်ရှင်များအား ရေမြောင်းများ အတွင်းအမှိုက်သရိုက်များ စွန့်ပစ်မှု မရှိစေရေး အသိပညာပေးမှာကြားခဲ့သည်။

အလားတူ ဘိုကလေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့နယ်တွင်းမှ အဓိကရေထုတ်မြောင်း (၂၀) ခန့် ကိုလည်း ရေစီးရေလာကောင်းမွန်စေရေး၊ အမှိုက်သရိုက်များပိတ်ဆို့၍ ရေဆိုး၊ ရေညစ်များ ကိန်းဝပ်မှုမရှိစေရေးတို့ကိုလည်း နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)