ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဆေးဘက်ကျွမ်းကျင်−၄ (ဆေးလူမှု) (၆လ) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး ဇွန် ၁၂

ဆေးဘက်ကျွမ်းကျင်−၄ (ဆေးလူမှု) (၆ လ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ကုသရေးဦးစီးဌာနအနေဖြင့် ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာလူမှုရေးအခက်အခဲများ ကြုံတွေ့ရသည့်လူနာများကို စနစ်တကျ ပံ့ပိုးကူညီပေးနိုင်ရန်၊ ဆေးလူမှုဆက်ဆံရေးမှူးများ၏လုပ်ငန်းတာဝန်များ အထောက်အကူပြု ပံ့ပိုး နိုင်ရန်နှင့် ဆေးဘက်ဆိုင်ရာလူမှုရေးကျွမ်းကျင်သူများအဖြစ် ပြည်သူ့ဆေးရုံများတွင် တာဝန်ချထား ပေးနိုင်ရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ၊ ယခုဖွင့်လှစ်မည့် ဆေးဘက်ကျွမ်းကျင်−၄ (ဆေးလူမှု) သင်တန်းအား ချင်းပြည်နယ်၏ ပထမဆုံးအသုတ်ဖြစ်ပြီး သင်တန်းသား / သင်တန်းသူ (၁၀) ဦးတက်ရောက်မည်ဖြစ်ပြီး (၆)လကြာမြင့်မည်ဟု သိရပါကြောင်း ၊ သင်တန်းကရရှိလိုက်သည့် သင်ခန်းစာများဟာ ဆေးရုံကို လာရောက်ပြသကြသည့် လူနာများအတွက် အထောက်အကူဖြစ်စေ သကဲ့သို့ ဆေးကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအတွက်လည်း အဆင်ပြေချောမွေ့စေရန် ပေါင်းကူး ဆက်သွယ်ဆောင်ရွက်စေမည့်နည်းလမ်းများကို ရရှိသွားမည်ဟုယုံကြည်ပါကြောင်းနှင့် သင်တန်းသားများအနေဖြင့် သင်ခန်းစာများကို ဂရုစိုက်မှတ်သားပြီး ကြိုးစားသင်ယူကြရန်၊ တာဝန် ထမ်းဆောင်ရာဆေးရုံများကို ပြန်လည်ရောက်ကြသည့်အခါ သင်ကြားပို့ချလိုက်သည့် သင်ခန်းစာ များကို ပြန်လည်အသုံးချပြီး မိမိတို့လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ကြရန်တိုက်တွန်းအပ်ပါ ကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေများကိုပေးအပ်ရာ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာချမ်းငြိမ်းမောင်ကလက်ခံရယူပြီး မြန်မာနိုင်ငံ၏ ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ နောက်ခံသမိုင်း၊ ဆေးလူမှုလုပ်ငန်း၏လုပ်ငန်းတာဝန်များနှင့် သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သင်တန်းသား၊ သင်တန်းသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနား တက်ရောက်လာကြသူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)