ကျိုက်လတ် ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်း၊ တိလောကမာရဇိန်ဘုရားကြီးအတွင်းရှိ သာသနာ့ဗိမာန်တွင် ဇွန် ၁၀ ရက်နေ့ နံနက် (၇) နာရီခန့်က ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်သော စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး စိတ္တသုခကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များက မြို့နယ် သံဃနာယက ဆရာတော်များနှင့်စာမေးပွဲကြီးကြပ်ရေးဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျိုက်လတ်မြို့နယ်စာဖြေဌာနတွင် ထူးချွန်စွာအောင်မြင်တော်မူခဲ့ကြသော စာအောင်သံဃာတော် ပထမလတ်တန်း(၂)ပါး၊ ပထမငယ် တန်း(၆)ပါး၊ အခြေပြုမူလတန်း(၂၄)ပါးတို့အား စာအောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ ဆရာတော်ကြီးများ၊ စာအောင်သာမဏေများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဂေါပကအဖွဲ့များ၊ မြို့မိ/မြို့ဖများ၊ အသင်းအဖွဲ့များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်