မင်းလှမြို့၌ မြစိမ်းရောင်(အသားကဏ္ဍ)ရန်ပုံငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

မင်းလှ ဇွန် ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မင်းလှမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင်(အသားကဏ္ဍ)ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မင်းလှမြို့နယ် မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး မင်းလှမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိမှ ဒေါက်တာ ပွင့်မြတ်နိုးသိမ့်က မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာစီမံကိန်းသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး၊ တိရစ္ဆာန်အရင်းအမြစ်တိုးပွားလာပြီး အသားထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးလာကာ စားနပ်ရိက္ခာဖူလုံ၍ ပိုလျှံမှုများကို အခြားမြို့နယ်များသို့ တင်ပို့ရောင်းချရန် စသည့်ရည်ရွယ်ချက်များဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အရင်းမပျောက်မတည်ရန်ပုံငွေအဖြစ် ပေးအပ်ရခြင်းဖြစ်ကြောင်းနှင့် ယခုကဲ့သို့ပေးအပ်ခြင်းသည် ပဉ္စမအကြိမ်မြောက် ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရန်ပုံငွေပေးအပ်ပွဲကျင်းပရာ မင်းလှမြို့နယ် သပြေတောကျေးရွာအုပ်စု၊ သပြေတောကျေးရွာ မြစိမ်းရောင်(အသားကဏ္ဍ)ရန်ပုံငွေကျပ် သိန်း (၅၇၆)သိန်းအား မြို့နယ်မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ သပြေတောကျေးရွာ မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)