ငဖဲ ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို အိုးမြေတွင်းကျေးရွာအုပ်စုမှ တောင်သူလယ်သမားများထံ ချေးငွေကျပ် ၁၉၀ သိန်း ၅ သောင်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဒေါ်ခင်စိုးရီက တောင်သူများအား ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး မိုးစပါးစိုက်ပျိုးရန် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းနှုန်းနှင့် အခြားသီးနှံစိုက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် အိုးမြေတွင်းကျေးရွာအုပ်စုမှ တောင်သူ ၃၃ ဦး၏ မိုးစပါး ၅၇ ဧက၊ နှမ်းသီးနှံ ၁၀၁ ဧကနှင့် ပဲတီစိမ်း ၄ ဧက၊ စုစုပေါင်း စိုက်ဧက ၁၆၂ ဧကအတွက် ချေးငွေကျပ် ၁၉၀ သိန်း ၅ သောင်းကို ဆက်လက်ထုတ်ချေးပေးခဲ့သည်။
ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို မေလမှစတင်၍ ထုတ်ချေးပေးခဲ့ရာ ယနေ့ထိ ကျေးရွာအုပ်စု ၈ အုပ်စုမှ တောင်သူ ၄၂၄ ဦး၏ စပါး ၇၃၆ ဧကနှင့် အခြားသီးနှံ ၆၃၆ ဧက စုစုပေါင်းစိုက်ဧက ၁၃၇၂ ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းပေါင်း ၁၇၄၀ ကို ထုတ်ပေးပြီးစီးပြီး ကျန်ရှိသည့် ကျေးရွာအုပ်စုများမှ တောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ်များကို သတ်မှတ်ကာလအတွင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)