လှိုင်းဘွဲမြို့နယ်တွင် ဒေသထွက်ရာသီပေါ်သီးနှံများ ရှာဖွေရောင်းချမှုများမှ မိသားစုစားဝတ်နေရေး အဆင်ပြေ

လှိုင်းဘွဲ ဇွန် ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများမှ ထွက်ရှိသည့် ဒေသထွက်ရာသီပေါ်သီးနှံများကို ရှာဖွေစားသောက်ရောင်းချနေလျက်ရှိကြသည့် ကြိုးဝိုင်းအနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသနေရွာသူ၊ ရွာသားများ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဘားအံ-လှိုင်းဘွဲ ကားလမ်းပေါ်ရှိ ထီလုံကြိုးဝိုင်းဧရိယာမှာ (၁၅၃၂၆ဒဿမ၉၅) ဧကရှိပြီး၊ ကြိုးပြင်ကာကွယ်တောဧရိယာမှာ (၇၁၈၅ဒဿမ၆၆) ဧကရှိကြောင်း သိရသည်။  ထီလုံကြိုးဝိုင်းနှင့်ကြိုးပြင်ကာကွယ်တောအတွင်း အင်ပင်များမှာ ရာသီပေါ်သီနှံများ အများဆုံးပေါက်ရောက် ရှင်သန်လျက်ရှိပြီး ဒေသနေပြည်သူများအနေဖြင့် သစ်တောထွက်ရာသီပေါ်သီးနှံအစားအစာများဖြစ်ကြသည့် မျှစ်၊ ကဒက်ဥ၊ ကြက်တူရွှေးမှို၊ မာလာဖူး၊ တော်သလင်းဖူး၊  ဇရစ်၊ ပဒဲကောဥနှင့်အပွင့်၊ ပဒက်စာပွင့်၊ ကောက်ကောက်ညွှန့်၊ ဒရင်းကောက်ညွှန့်များကို စာဖွေစားသောက်ရောင်းချနေလျက်ရှိကြောင်း၊ ရာသီပေါ်အင်ဥ (၁) ဘူးလျှင် ငွေ (၂၅၀၀) ကျပ်၊ ဖက်ဆွတ်မှို (၁) ပိဿာလျှင် ငွေ(၂၅၀၀၀)ကျပ်၊ တောင်ပို့မှို (၁) ပိဿာလျှင် ငွေ (၃၀၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

လှိုင်းဘွဲမြို့နယ်အတွင်း ထီလုံကြိုးဝိုင်း၊ မဲလားကြိုးဝိုင်း၊ ကြို့ချောင်းကြိုးဝိုင်း၊ ကျုံပကိုကြိုးဝိုင်း၊ မဲပလဲ့ကြိုးဝိုင်း၊ တာအူးကေကြိုးဝိုင်းနှင့် လှိုင်းဘွဲကြိုးဝိုင်းဟူ၍ ကြိုးဝိုင်း (၇) ဝိုင်းရှိပြီး  စုစုပေါင်းကြိုးဝိုင်း၏ဧရိယာမှာ (၉၁၇၇၇)ဧကရှိပြီး၊ ကြိုးပြင်ကာကွယ်တော ဧရိယာမှာ (၇၇၂၅၂) ဧကရှိ၍   ပေါက်ရောက်ကြသည့်အပင်များမှာ ကျွန်း၊ ပျဉ်းကတိုး၊ အင်၊ ပိတောက်၊ ဟန်ခါး၊ သပြေ၊ တောင်သရက် စသည့် အပင်များရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနရုံးထံမှ သိရသည်။

စောဒိ(ပြန်/ဆက်)