ရွှေဘို ဇွန် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီက အသေးစား၊ အငယ်စားစီးပွားရေး လုပ်ငန်းများ ပေါ်ထွန်းလာစေရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းမှ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလင်းထက်အောင်က “လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းသည် မိသားစုများအတွက် ဝင်ငွေတိုးပွားရေး အထောက်အကူဖြစ်စေမည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းမှသင်ကြားပေးလိုက်သည့် နည်းပညာများကို အသုံးချကာ ကိုယ်ပိုင်အသုံး အဆောင်ထုတ်ကုန်များ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး၊ ထိုကဲ့သို့သော ကျွမ်းကျင်မှုများမှ ဝင်ငွေဖန်တီးနိုင်ပြီး မိသားစုဝင်ငွေ တိုးပွားလာမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်နှင့်သင်တန်းထုတ်ကုန်များကို အသီးသီးပေးအပ်ခဲ့ကြာင်း သိရသည်။
အဆိုပါသင်တန်းကို ရက်သတ္တပတ်ကြာစာတွေ့လက်တွေ့သင်ကြားပေးခဲ့ပြီး မွမ်းမံသင်တန်းကို လည်း ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)