မင်းဘူး(စကု)မြို့နယ်၌ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်

မင်းဘူး ဇွန် ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက ရေမြက်ကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မြေစာရင်းဦစီးမှူး ဦးကျော်လွင်က မြေယာကိစ္စရပ်များနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာရဲနန္ဒက ကြက်၊ ဝက်၊ နွား မွေးမြူကြရမည့် နည်းလမ်းကောင်းများကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်မြင့်က မင်းဘူး(စကု)မြို့နယ်အတွင်း ဥစားကြက်ခြံများနှင့် မွေးမြူထားရှိကြသည့်အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြ၍ ကြက်မွေးမြူကြသည့် တောင်သူများက မရှင်းလင်းသည်များကို မေးမြန်ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကျောက်တန်းကျေးရွာမှ တောင်သူ ဦးဝေဠုအောင်၏ ဥစားကြက်ခြံသို့ ရောက်ရှိကြရာ ကြက်များ၏ ရောဂါကာကွယ်ကုသမှုအခြေအနေများ၊ ဥ ဥသည့်နှုန်းထား၊ အစာကျွေးရသည့်နည်းစနစ်များနှင့် ကြက်များ မွေးမြူထားရှိအခြေအနေများကို မေးမြန်းပြီး ကြည့်ရှုစစ်ဆေးကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)