ပွင့်ဖြူ ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ကျင်းပသည့် GENDER , CEDAW , NSPAW နှင့် UNSCR 1325 အသိပညပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပွင့်ဖြူမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားပို့ချမည့်သင်ခန်းစာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းကို ဖွင့်လှစ်ပို့ချရာ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက မြို့နယ်အတွင်း အမျိုးသမီး ရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးများနှင့် အမျိုးသားများအား လူမှုအသိုင်းအဝိုင်းက ကျား/မရေးရာ လူမှုရေးစံနှုန်းသတ်မှတ်ချက်(GENDER)ဆောင်ရွက်ထားမှု အခြေအနေများ၊ အမျိုးသမီများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ (CEDAW) ဆောင်ရွက်ရန် နည်းလမ်းများ၊ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) လုပ်ငန်းစဉ်များ၊ အမျိုးသမီးများနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် ကုလသမ္မဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် (UNSCR 1325) လုပ်ငန်းစဉ်များစသည့် အမျိုးသမီးများ၏ လူမှုဘဝဖွံ့ဖြိုးရေးဆိုင်ရာအကြောင်း သိကောင်းစရာများကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ခဲ့ပြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ သင်တန်းသားဦးရေ (၂၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)