ပန်းတနော်မြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ(Drum Seeder)များ ပေးအပ်ပွဲကျင်းပ

ပန်းတနော် ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီအဖွဲ့မှ မိုးစပါးစိုက်ပျိုးရာသီချိန်တွင် ကြဲခင်းစနစ် ပပျောက်ရေးအတွက် စပါးမျိုး စေ့ချကိရိယာ (Drum Seeder)များအား တောင်သူများလက်ဝယ် အရောက် ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မအူပင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်နိုင်က ဒေသတွင်း စားရေရိက္ခာဖူလုံစေရန်အတွက် လယ်ယာမြေများ နှစ်သီးစားမှ သုံးသီး စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ကြဲခင်းစနစ်လျော့နည်းပပျောက်စေရေးနှင့် မျိုးကောင်း မျိုးသန့်များရွေးချယ်၍ နည်းစနစ်တကျစိုက်ပျိုးနိုင်ရေးတို့ကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစပ် ညှိနှိုင်း၍ ဆောင်ရွက်သွားရန်စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ မအူပင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်တစ်ဦးမှ စပါးမျိုးစေ့ချကိရိယာ (Drum Seeder)များနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့ပြီး၊ မအူပင်ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်တာဝန်ရှိသူများက အဆိုပါစပါးမျိုးစေ့ချကိရိယာ(Drum Seeder)များကို အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

တောင်သူများအနေဖြင့် အဆိုပါမျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးခြင်းကြောင့် ကြဲပက်စိုက်ပျိုးခြင်းထက် မျိုးစေ့နှုန်းထား သက်သာခြင်း၊ လုပ်သားအင်အား သက်သာခြင်း၊ အတန်းလိုက် မျိုးစေ့ချစိုက်ပျိုးခြင်းကြောင့် လေဝင်လေထွက်ကောင်းမွန်ပြီး ပေါင်းမြက်နှင့် ရောဂါပိုးမွှားများ အလွယ်တကူနှိမ်နင်းနိုင်ခြင်းနှင့် အပင်ပြုစုရာတွင် ပိုမိုအဆင်ပြေ၍ အထွက်နှုန်းပိုများခြင်းစသည့် အကျိုးများ ရရှိစေနိုင်ကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)