မုံရွာ ဇွန် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ကကြီးမှူး၍ “အမျိုးသမီးများ မျိုးပွားအင်္ဂါဆိုင်ရာ ကင်ဆာရောဂါ၊ ရင်သားကင်ဆာ၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါများ ကာကွယ်တားဆီးနိုင်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲများနှင့် GENDER, CEDAW, NSPAW အကြောင်း သိကောင်းစရာများ”ဟောပြောပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂ )၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီသီစိုးက မိခင်နှင့်ကလေးစောင့်ရှောက်ရေးရှေ့လုပ်ငန်းစဉ်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် တိုင်းဒေသကြီး ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာစိုးမိုးထွေးနှင့် ကျန်းမာရေးမှူး ဦးဝင်းသူနိုင်တို့က အမျိုးသမီးများ မျိုးပွားအင်္ဂါဆိုင်ရာ ကင်ဆာရောဂါများနှင့်ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှရဲမှူး ကျော်မြဝင်းက လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နှင်းရေးနှင့်ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က GENDER, CEDAW, NSPAW အကြောင်း သိကောင်းစရာများအကြောင်းကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မုံရွာခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်နှင့် နန္ဒ၀န်ရပ်ကွက်နေ ပြည်သူများတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဟောပြောသူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပြီးနောက် တက်ရောက်လာကြသော ပြည်သူများအား ဆေးစိမ်ခြင်ထောင်များနှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဝေငှပြီး လက်ဖက်ရည်နှင့် မုန့်များဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)