ဟိုင်းကြီးကျွန်း ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီကတိသစ္စာခံယူပွဲကို အ.ထ.က ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၊ မြကျွန်းသာခန်းမတွင် ယနေ့နံနက် (၁၁း၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က ဟိုင်းကြီးအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများမှ ကျောင်းကောင်စီသီချင်းအား သံပြိုင်သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး အ.ထ.ကဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးဖြိုးရာဇာဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ကျောင်းကောင်စီ ဒု-ဥက္ကဋ္ဌ အထက်တန်းပြဆရာမ ဒေါ်ကျင်သေးက ကျောင်းကောင်စီ အမှုဆောင် အဖွဲ့အမည်စာရင်းကို ဖတ်ကြားခဲ့ပြီး ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ကတိသစ္စာခံယူခြင်းနှင့် တစ်ကျောင်းလုံးသစ္စာခံယူခြင်းကို Grade-11 မှ ကျောင်းကောင်စီအတွင်းရေးမှူး မောင်ထက်ပိုင်ဖြိုးက ဦးဆောင်တိုင်ကြားသည်။
ဆက်လက်ပြီး တာဝန်အထိမ်းအမှတ် အလံများပေးအပ်ခြင်းနှင့် လက်ခံရယူခြင်းကို ကျောင်းအုပ်ဆရာကြီးနှင့်အသင်းတာဝန်ခံ ဆရာ/ဆရာမများကပေးအပ်ရာ အသင်းခေါင်းဆောင်များက အသီးသီးလက်ခံရယူခဲ့ကြပြီး နိုင်ငံတော်သီချင်းကို စုပေါင်းသံပြိုင်သီဆို၍ အခမ်း အနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်