ပဲခူး ဇွန် ၁၁
တိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့ဂုဏ်ဆောင်ပြေးခုန်ပစ်သမားများ ပေါ်ထွက်လာစေရေး ရည်မှန်းချက်ဖြင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆) ခရိုင် အသက် (၁၈) နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ် (၅) ရပ်ကွက်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ဦးစွာ အမျိုးသား/ အမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၄၀၀×၄) ဗိုလ်လုပွဲ ယှဥ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ သူများ ကြည့်ရှုအားပေးကြသည်။
ယင်းနောက် အမျိုးသားမီတာ(၈၀၀)ပြိုင်ပွဲနှင့် အမျိုးသမီး မီတာ(၈၀၀)ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသား/ အမျိုးသမီး မီတာ(၂၀၀)ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး လှတံပစ်ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး သုံးဆင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ(၄၀၀)ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ(၁၀၀)ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ(၁၀၀×၄)ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ(၄၀၀×၄)ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသမီးတံခွန်စိုက် ပထမဆုရရှိသော ပြည်ခရိုင်အသင်းအား ဆုဖလားနှင့် ငွေသားဆု(၅)သိန်းကျပ်ကိုလည်းကောင်း၊ အမျိုးသားတံခွန်စိုက်ပထမဆုရရှိသော ပြည်ခရိုင်အသင်းအား ဆုဖလားနှင့် ငွေသားဆု(၅)သိန်းကျပ်ကိုလည်းကောင်း၊ အမျိုးသား၊ အမျိုးသမီးစုပေါင်းတံခွန်စိုက်ဆုရရှိသော ပြည်ခရိုင်အသင်းအား စုပေါင်းတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု ကျပ်(၁၀)သိန်းအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား(၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲအား ဇွန်လ(၉)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်၊ ပြည်၊ သာယာဝတီ၊ နတ်တလင်း စသည့် ခရိုင်(၆)ခရိုင်အတွင်းရှိ အမျိုးသား/ အမျိုးသမီး အားကစားသမား(၁၀၂)ဦး ပါဝင်ကာ မီတာ(၁၀၀၊၂၀၀၊ ၄၀၀၊ ၈၀၀၊ ၁၅၀၀(ကျား/မ)/ ၃၀၀၀(မ)/၅၀၀၀(ကျား) အပြေးပြိုင်ပွဲများ၊ တန်းမြင့်ခုန်၊ အလျားခုန်၊ သုံးဆင့်ခုန်အားကစားနည်းများ၊ သံလုံးပစ်၊ သံပြားဝိုင်းပစ်၊ လှံတံပစ်၊ မီတာ(၁၀၀×၄) လက်ဆင့်ကမ်း၊ မီတာ(၄၀၀×၄)လက်ဆင့်ကမ်း စသည့်အားကစားနည်းများ ပါဝင်ယှဥ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)