ပြည် ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဆန်/ဆီ လုပ်ငန်းရှင်များ၊ အသား/ငါးနှင့် ဟင်းသီးဟင်းရွက်များ ကိုယ်တိုင်စိုက်ပျိုး/ ထုတ်လုပ်ရောင်းချသူများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ရှိ ပြည်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ပြည်)၊ ပြည်နည်းပညာတက္ကသိုလ်၊ ပြည်ပညာရေးဒီဂရီကောလိပ်နှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(ပြည်)တို့၌ ဈေးကားများဖြင့် အခြေခံစားသောက်ကုန်မျိုးစုံကို ဈေးနှုန်းသက်သာစွာ သွားရောက်ရောင်းချပေးကြသည်။
သွားရောက်ရောင်းချပေးရာတွင် အဆိုပါတက္ကသိုလ်/ဒီဂရီကောလိပ်ကျောင်းများမှ ဆရာ/ဆရာမများ၊ ဝန်ထမ်းမိသားစုများနှင့် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများအား ဆန်၊ ဆီနှင့် ကြက်ဥများအပါအဝင် အခြေခံစားသောက်ကုန်များနှင့် အသားငါးများ၊ ဒေသထွက်ဟင်းသီးဟင်းရွက်များကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြပြီး ထိုသို့ရောင်းချပေးနေမှုကို ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါပြည်မြို့ တက္ကသိုလ်/ဒီဂရီကောလိပ်ကျောင်းများ၌ စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ သွားရောက်ရောင်းချပေးခြင်းကို အပတ်စဉ် (အင်္ဂါနေ့) တိုင်း ဆောင်ရွက်ကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)