အင်္ဂပူ ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့အတွင်းရှိ သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဝါပကာလတွင် ဆွမ်းဆန်များ အဆင်ပြေစေရေးအတွက် (နယုန်လပြည့်နေ့) ယမန်နေ့နံနက်ပိုင်းက အင်္ဂပူမြို့သမိုင်းဝင် ရွှေဆံတော်စေတီမြတ်ကြီးတွင် (ဝါပကာလ)၏ နောက်ဆုံးလအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက သံဃာတော်များနှင့် သီလရှင်များအား အာရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တမဏ္ဍလထံမှ ကိုးပါးသီလခံယူကြသည်။ ထို့နောက်ဆွမ်းဆန်တော်လောင်းလှူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့မိ၊မြို့ဖများနှင့် စေတနာရှင်ပြည်သူများ စုပေါင်းကာ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်း(၂၅)ကျောင်းမှ သံဃာတော်အရှင်သူမြတ်များနှင့်သာမဏေများ၊ သီလရှင်ကျောင်း(၆)ကျောင်းမှ သီလရှင်ဆရာကြီးတို့အား ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြောင်း သိရသည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်မှုဖြင့် သမိုင်းဝင်ရွှေဆံတော်စေတီမြတ် ဂေါပကအဖွဲ့ဝင်များ၊ မြို့မိ၊မြို့ဖများနှင့် စေတနာရှင်ပြည်သူများ စုပေါင်းပြီး ဝါပကာလအဖြစ် တန်ဆောင်မုန်းလမှ နယုန်လအထိ သတ်မှတ်၍ လစဉ်(လပြည့်နေ့တိုင်း)တွင် ဆွမ်းဆန်တော်များ လောင်းလှူသွားလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။
မန်းကျော်