မအူပင် ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စစ်ကိုင်းကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်မှစ၍ ခေတ်မီစံပြ ကျေးရွာ(Smart Village) ထူထောင်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်အဆင့် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာမအူပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးမှ စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မအူပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီးမှ မြို့နယ်အဆင့် ကော်မတီဖွဲ့စည်းခြင်းနှင့်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးတင်ပြသည်။ ယင်းနောက်စီမံကိန်းဆောင်ရွက်မည့် ရေကျော်ကျေးရွာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်၍ ကျေးရွာအဆင့်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာတွင်းဆောင်ရွက်မည့်လုပ်ငန်းများ ဖော်ထုတ်ခြင်း၊ ကျေးရွာကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကျေးရွာတွင်စီမံကိန်းအား လုပ်ငန်းစဉ်(၆)ရပ်ဖြင့် စီမံကိန်းကာလ(၅)နှစ်အအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရှိရပါသည်။
အောင်မြင့်မြတ်