ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံအားပေး

ပဲခူး ဇွန် ၁၁

ပဲခူးမြို့၊ လူငယ်စင်တာဘက်စုံသုံးခန်းမ (သီရိဟံသာခန်းမ) ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နေ့နံနက်ပိုင်းက ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံ့တော်၏ ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ချီးမြှောက်သည့်အနေဖြင့် ကျန်းမာရေးနှင့် စာဝတ်နေရေးတို့ကို ဘက်ပေါင်းစုံမှ အထူးအလေးထား ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီးနောက် ကျန်းမာရေးနှင့်ပတ်သက်၍ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခြင်းဖြင့် ကျန်းမာပျော်ရွှင်အသက်ရှည်စွာ နေထိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှု မြို့နယ်(၂၈)မြို့နယ်ရှိ အထွေထွေရောဂါကုဆေးရုံကြီးများတွင် လစဉ်(၂၁)ရက်နေ့တိုင်း ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းအပြင် လစဉ်ဆေးဝါး()လစာကို အခမဲ့ထုတ်ပေးလျက်ရှိကြောင်း၊ စားဝတ်နေရေးနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစ၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားအိမ်ရာများတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း ဆန်၊ ဆီ၊ အသား၊ ငါး၊ ဥနှင့် ဟင်းသီးဟင်းရွက်များကို သက်သာသော နှုန်းထားဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ပဲခူးမြို့တွင် ရဲမှုထမ်းဟောင်းအဖွဲ့အတွက် မြေနေရာနှင့် ရုံးအဆောက်အဦကို ဖြည့်ဆည်းပေးနိုင်ခဲ့သည့်အပြင် ရဲမှုထမ်းဟောင်းမိသားစုဝင်များအတွက်လည်း လိုအပ်သည်များကို ဘက်ပေါင်းစုံမှ ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့က ရဲမှုထမ်းဟောင်းများအတွက် ဆန်၊ ဆီ၊ ကြက်ဥတို့အား ချီးမြှင့်ပေးအပ်ခဲ့သည်။ 

ယင်းနောက် တက်ရောက်လာသည့် ရဲမှုထမ်းဟောင်းကိုယ်စား ရဲမှုထမ်းဟောင်းတစ်ဦးက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရဲမှုထမ်းဟောင်းမိသားစုဝင်များအတွက် ဆန်၊ ဆီ၊ ကြက်ဥတို့ ချီးမြှင့်ပေးအပ်ခဲ့မှုနှင့် မိသားစုဝင်များ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဆိုင်ရာ ဘက်ပေါင်းစုံချီးမြှင့်ပေးအပ်နေမှုတို့အပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တက်ရောက်လာသည့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား တစ်ဦးချင်းလိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)