ငဖဲ ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ ဧက ၄၀၀၀ လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ငဖဲမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးဦးချည်မျှင်ရှည်ဝါ ဧက ၁၅၀ နှင့် မိုးနှောင်းချည်မျှင်ရှည်ဝါ ဧက ၃၈၅၀၊ စုစုပေါင်း ဧက ၄၀၀၀ စိုက်ပျိုးရန်လျာထားပြီး ဇွန်လမှ စက်တင်ဘာလအတွင်း စိုက်ပျိုးသွားမည်ဖြစ်ကာ လက်ရှိတွင် လယ်ယာမြေများထွန်ယက်ပြီး စတင်စိုက်ပျိုးဆောင်ရွက်နေကြပြီ ဖြစ်သည်။
“မိုးသီးနှံစိုက်ပျိုးရာသီမှာ ငဖဲမြို့နယ်၌ ချည်မျှင်ရှည်ဝါ ဧက ၄၀၀၀ ကို ကျေးရွာအုပ်စုပေါင်း ၁၇ အုပ်စုမှာ စိုက်ပျိုးဖို့လျာထားပါတယ်။ ယခုလက်ရှိမှာ အချို့ကျေးရွာတွေမှာ စတင်စိုက်ပျိုးနေကြပြီဖြစ်သလို အချို့ကျေးရွာများမှာလည်း မြေအနေအထား၊ မိုးရေရရှိမှုပေါ်မူတည်ပြီး ထွန်ယက်နေကြပြီဖြစ်ပါတယ်။ စိုက်ပျိုးကြမယ့် မျိုးများကတော့ အထွက်နှုန်းကောင်းမွန်တဲ့ ဌာနမှ ဖြန့်ဝေပေးတဲ့ ရွှေတောင်-၁၀ နှင့် ငွေချည်-၁၁ မျိုးများကို အများဆုံးစိုက်ပျိုးသွားကြမှာဖြစ်ပါတယ်။ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့၊ သီးနှံအရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းကောင်းစေဖို့ လိုအပ်တဲ့ စိုက်ပျိုးရေးနည်းစနစ်နဲ့ သွင်းအားစုများစနစ်တကျသုံးစွဲဖို့ စတဲ့ တောင်သူအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိပါတယ်” ဟု ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်းက ပြောကြားသည်။
ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံတိုးချဲ့စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား ဝါမျိုးစေ့နှင့် သွင်းအားစုပစ္စည်းများကို ထောက်ပံ့ပေးအပ်ထားပြီး ဝါသီးနှံများအထွက်နှုန်းကောင်းမွန်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ သွင်းအားစုများ စနစ်တကျသုံးစွဲရေး၊ ပိုးသတ်ဆေးများစနစ်တကျသုံးစွဲရေးတို့ကို သက်ဆိုင်ရာ ကွင်းဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်၍ နည်းပညာပေးသင်တန်းများပို့ချခြင်းနှင့် ကျေးရွာအရောက် ပညာပေးဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)