ပွင့်ဖြူ ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျွန်းပင်စင်ကျေးရွာ၌ သတ္တမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ရပ်မိရပ်ဖများ၊ အသင်းသား၊ အသင်းသူများနှင့် တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းအကျိုးကျေးဇူးများနှင့် လိုက်နာရမည့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းစက်ဝန်းကာလသတ်မှတ်ချက်များ၊ အတိုးနှုန်းသတ်မှတ်ချက်များ၊ ငွေစာရင်းဇယား ပြုစုထိန်းသိမ်းရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၃၉ ဒသမ ၃ သန်းကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျွန်းပင်စင်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၈၆ ဦးကို ငွေကျပ် ၂၀ ဒသမ ၂ သန်း ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၈၅ ဦးကို ငွေကျပ် ၁၆ ဒသမ ၉ သန်း ၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၆ ဦးကို ငွေကျပ် ၁ ဒသမ ၅ သန်း ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သူ ၂ ဦးကို ငွေကျပ် သုည ဒသမ ၇ သန်း ၊ စုစုပေါင်း အသင်းသား ၊ အသင်းသူ ၁၇၉ ဦးကို ငွေကျပ် ၃၉ ဒသမ ၃ သန်းအား ထုတ်ချေးဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်အေးသန်း ၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာ ၊ ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့် အတူ ကျွန်းပင်စင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသော စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ၏ အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများ၊ လစဉ် ဖြည့်စွက်ရေးသွင်းရသည့် စာရင်းဇယားများ ပြည့်စုံမှန်ကန်မှု ရှိ ၊ မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )