နတ်မောက်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည် ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

နတ်မောက် ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဘုန်းတော်ပြည့်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက သဘာဝမြေဩဇာနှင့် EM ဖျော်ရည် ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းမှရရှိလာမည့် အကျိုးကျေးဇူးများနှင့်  တက်ရောက်လာသည့် သင်တန်းသား/သူများ အနေဖြင့် သင်တန်းကာလတွင် သင်ကြားပို့ချပေးသည့် သင်ခန်းစာများကို သင်ယူမှတ်သားကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာများက သင်တန်းစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး သင်တန်းသား/သူများကို သဘာဝမြေဩဇာပြုလုပ်နည်းနှင့်  EM ဖျော်ရည် ပြုလုပ်နည်းများအား လက်တွေ့သင်ကြားခြင်းကို (၁၀-၆-၂၀၂၅) ရက်နေ့မှ ၁၂-၆-၂၀၂၅ ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ အဆိုပါသဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် ကျေးရွာမှ သင်တန်းသား/သူ (၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

မူမူစန်း