ပွင့်ဖြူ ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ရာသီဥတုဂေဟစနစ်များ ကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူများအတွက် ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရန်အတွက်ရည်ရွယ်၍ ဇီးကိုင်းကျေးရွာအုပ်စု၊ ကျွန်းပင်စင်ကျေးရွာ၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်အေးသန်းက မီးခိုးမြူငွေ့အန္တရာယ်တားဆီးကာကွယ်ရေးအကြောင်း သိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိမိလွင်က မီးခိုးမြူငွေ့အန္တရာယ်နှင့်ပတ်သက်၍ ကြုံတွေ့ရမည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများမဖြစ်ပေါ်စေရေး စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးကြူလှိုင်က သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ပြည်သူများ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များကို ဆွေးနွေးဟောပြောပြီး ကျေးရွာနေပြည်သူများကို မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပွင့်ဖြူမြို့နယ် ဇီးကိုင်းကျေးရွာအုပ်စု၊ ကျွန်းပင်စင်ကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)