မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးတင့်လွင် ရောနှောဆီထုတ်လုပ်ရောင်းချနိုင်ရန် FDA ထောက်ခံချက်ရရှိရေးနှင့် ဆီစက်ဖွံ့ဖြိုးရေးချေးငွေ၊ MSME ချေးငွေဆိုင်ရာသိ‌ကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ တက်ရောက်

မကွေး ဇွန် ၁၁

ရောနှောဆီထုတ်လုပ်ရောင်းချနိုင်ရန် FDA ထောက်ခံချက်ရရှိရေးနှင့် ဆီစက်ဖွံ့ဖြိုးရေးချေးငွေ၊ MSME ချေးငွေဆိုင်ရာသိ‌ကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်‌နေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ် စုပေါင်းရုံးခန်းမတွင်ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင့်နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိများ၊ ဆီစက်၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် MSME စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ်က အမှာစကားပြောကြားရာတွင်  နိုင်ငံတော်၀န်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီ နိုင်ငံ့စီးပွားရေး၏ အဓိကကျောရိုးသဖွယ်ဖြစ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးအတွက် ဘက်ပေါင်းစုံမှ ပံ့ပိုးပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုနှင့် ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) အစီအစဉ်ကို အကောင်အထည်ဖော်လျက်ရှိရာမှာ စိုက်ပျိုးရေးကဏ္ဍ၊ MSME ကဏ္ဍတို့မှ ဆန်စပါးနှင့် စားသုံးဆီအပါအဝင် အလားအလာရှိသည့် ထုတ်ကုန် (၁၁) မျိုးကို ရွေးချယ်ပြီး လိုအပ်သည်များကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းမှာရှိသည့် ဆီစက်၊ ဆန်စက်လုပ်ငန်းများအပါအဝင် MSME လုပ်ငန်းများအတွက် FDA ဆိုင်ရာ အသိပညာများ၊ ရောနှောဆီ (Blended Oil) တရားဝင်ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် FDA ထောက်ခံချက်ရရှိအောင် ဆောင်ရွက်ရမည့် အချက်များကို အသိပေးနိုင်ရန်နှင့် MSME လုပ်ငန်းရှင်များအတွက် ထုတ်ချေးပေးနေသည့် ချေးငွေဆိုင်ရာသိကောင်းစရာများ၊ ဖြေလျှော့ပေးထားသည့် အခြေအနေတွေကို လုပ်ငန်းရှင်များသိအောင် ပြန်လည်မျှဝေပေးနိုင်ရန်ရည်ရွယ်ပြီး ယခုဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများအနေဖြင့် ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်သည့်နေရာတွင် ကောင်းမွန်သည့်ထုတ်လုပ်မှုကျင့်စဉ်နှင့်အညီ ထုတ်လုပ်ပြီး စားသုံးသူများအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီတွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးနိုင်ရန်၊ ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့်လည်း အရည်အသွေးမြင့် ဝန်ဆောင်မှုများပေးနိုင်ရန် လိုအပ်သည့် နည်းပညာ၊ ငွေကြေး စသည်ဖြင့် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ MSME လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ တိုင်းဒေသကြီးဦးစီးမှူးများ ရောနှောဆီထုတ်လုပ်ရောင်းချနိုင်ရန်၊ FDA ထောက်ခံချက်ရရှိရေးနှင့် ဆီစက်ဖွံ့ဖြိုးရေးငွေ၊ MSME ချေးငွေဆိုင်ရာသိ‌ကောင်းစရာများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက မေးမြန်းမှုများအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး MSME Agency ဥက္ကဋ္ဌ စီးပွားရေးရာ၀န်ကြီး ဦးအောင်ချိန်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)