မင်းဘူး ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်မှ ပြည်သူများ ဧရာဝတီမြစ်ရေ မြင့်တက်လာသည့်အတွက် ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့အသိပညာပေး ဆောင်ရွက်ရာတွင် ဧရာဝတီမြစ်ရေသည် ယနေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ၁၃၈၄ စင်တီမီတာသို့ ရောက်ရှိနေပြီး ၁၇၀၀ စင်တီမီတာသည် စိုးရိမ်ရေအမှတ်ဖြစ်ရာ တဖြည်းဖြည်း မြင့်တက်လာပြီဖြစ်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက လုပ်ဆောင်ရမည့်အချက်များ၊ ရှောင်ရန်အချက်များကို သိရှိစေရန်အတွက် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်းအဖွဲ့က မြေနိမ့်ပိုင်းကျေးရွာများဖြစ်သော ထုံးမကြီး၊ နိဗ္ဗာန်ကျွန်း၊ သနပ္ပင်စု၊ ကျောင်းကုန်း ကျေးရွားများသို့ လှည့်လည်နှိုးဆော်ကာ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ခြင်းကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဝင်း ဦးဆောင်ကြီးကြပ်၍ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များ၊ ရေးကြီးခြင်းမဖြစ်ခင်နှင့် ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လုပ်ဆောင်ရမည့်အချက်များကို Hand Speaker များ၊ အသံချဲ့စက်များဖြင့် နှိုးဆော်ကာ သိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ၍ ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)