ပွင့်ဖြူ ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ရွှေဘိုကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဝင် ဖွဲ့စည်းဆောင်ရွက်ခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်း၊ စည်းကမ်းများ၊ စီမံကိန်းလုပ်ငန်းစဉ်များ၊ ကျေးရွာစီမံကိန်းကော်မတီဝင်များ ရွေးချယ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက တက်ရောက်လာသည့် ကျေးရွာသူ၊ ကျေးရွာသားများ၏ အများသဘောဆန္ဒနှင့်အညီ ကျေးရွာစီမံကိန်းကော်မတီဝင် (၉)ဦးကို ရွေးချယ်ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)