ကန့်ဘလူ ဇွန် ၁၀
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကန့်ဘလူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများအဖွဲ့က ကန့်ဘလူမြို့ အမှတ်( ၄)ရပ်ကွက်မှ ပြည်သူများအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ဇွန် ၁၀ ရက်နံနက် ၉ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ကန့်ဘလူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဦးစီးမှူး ဦးဖြိုးလျှံမြတ်က မိမိတို့ဌာနမှ ပန်းခင်းစီမံချက်(၃)ဖြင့် ရပ်ကွက်အိမ်ထောင်စုဝင်များအတွက် အိမ်ထောင်စုလူဦးရေစာရင်း (၆၆)ပုံစံများနှင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူများ၊ အသက်( ၁၀)နှစ်ပြည့်သူများနှင့်အသက် (၁၈) နှစ် ပြည့်ပြီးသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်များကို ဥပဒေနှင့်အညီ ထုတ်ပေး ဆောင်ရွက်လျက်ရှိပြီး စီမံချက်ကာလအတွင်း နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ ဝန်ထမ်းများက အဆိုပါရပ်ကွက်နေ ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်များကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကန့်ဘလူမြို့ပေါ်ရှိ ကျန်ရပ်ကွက်များတွင်လည်း ရပ်ကွက်အလိုက် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်များကို ရပ်ကွက်များအရောက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)