ကန့်ဘလူ ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်နေ့တွင် စတင်ဖြေဆိုမည်ဖြစ်ရာ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲ ၃ နာရီက စာစစ်ဌာနများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဆန်းလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးသန်းထိုက်၊ မြို့နယ်ပညာရေးမှူး ဦးမျိုးဝင်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကန့်ဘလူမြို့ အ-ထ-က(၁)စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်း သာစွာဖြေဆိုနိုင်ရေးအတွက် မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှု၊ စာဖြေခန်းများတွင် စာရေးခုံ၊ ထိုင်ခုံများ ပြင်ဆင်ထားရှိမှုနှင့် အလင်းရောင်လုံလောက်စွာရရှိရေး၊ ကျောင်းသားကျောင်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်ပေးရန် ဆောင်ရွက်ထားရှိမှု၊ ကျောင်းတွင်းကျောင်းပြင် လုံခြုံရေးဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာစစ်ဌာန( ၂) ခုရှိပြီး စာမေးပွဲဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ ၄၅၉ ဦးစာရင်းပေးသွင်းထားကြောင်းနှင့် ကျွန်းလှမြို့နယ်တွင် စာစစ်ဌာန( ၁)ခုရှိကာ ကျောင်းသားကျောင်းသူ ၁၀၃ ဦးဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)