ညောင်တုန်း ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြကို ယနေ့နံနက်ပိုင်းက ဆားမလောက်ကျေးရွာ၊ နည်းပညာ ပြန့်ပွားရေးစင်တာရှိ တောင်သူ(၇)ဦးတို့၏ လယ်မြေ(၅၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
သရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြား၍ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) သုံးစွဲခြင်းဖြင့် မြေဆီလွှာတိုးတက်ကောင်းမွန်လာခြင်း၊ သီးနှံအထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်လာခြင်း၊ ဓာတ်မြေသြဇာ လျှော့ချသုံးစွဲ နိုင်ခြင်းကြောင့် တစ်ဧက ကုန်ကျစရိတ် သက်သာစေခြင်းစသည့် အကြောင်းအရာများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း အကျိုးကျေးဇူးများ၊ မြေဆီလွှာ ရုပ်ဂုဏ်သတ္တိတိုးတက်ကောင်းမွန်လာခြင်း၊ ဓာတ်မြေသြဇာ လျှော့ချသုံးစွဲနိုင်ခြင်းစသည့် အကြောင်းအရာများကိုလည်းကောင်း အသိပညာပေးပြောကြားပြီး တာဝန်ရှိသူများက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါသရုပ်ပြပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူ(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)