ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ဒေးဒရဲ ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ရှိန်မြှင့်တင်စေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁) နာရီက ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍  စာရေးဆရာ သံစဥ်သစ် ရေးသားသည့် နေ့ရက်တိုင်းမှာ အောင်မြင်မှုအတွက် ရှင်သန်ပါစာအုပ်ပါ စာပေရဲ့တွန်းအား ဆောင်းပါးကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းကအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ဆွေးနွေးကြရာတွင်  လူတိုင်း နေ့စဥ် စာအုပ်၊ စာပေများကို လေ့လာဖတ်ရှုသင့်ပြီး ဖတ်မှတ်မှုများလာသည့်အခါ အတွေးအခေါ်ရင့်ကျက်လာပြီး လူမှု့ဘဝတွင် နေ့စဥ်ပြောဆိုမှုများ အဆင်ပြေချောမွေ့လာသည်ကို ကြုံတွေ့ရမည်ဖြစ်၍ စာပေဖတ်ရှုခြင်းသည် လူတစ်ယောက်၏ ဘဝကို ပြောင်းလဲနိုင်စွမ်းရှိပြီး မှားယွင်းသည့် အယူအဆ၊ အစွဲအလမ်းကို တည့်မတ်အောင်လမ်းညွှန်ပြသပေးနိုင်သည့်အတွက် လူတိုင်းအောင်မြင်ချင်ရင် စာပေကရသည့် အသိပညာ၊ ဗဟုသုတရှိပါမှ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မှာဖြစ်ကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ စာပေဖတ်ရှုမှု တိုးပွားလာစေရေး၊ စာဖတ်ဝိုင်းများ၊ အသိပညာပေး ဟောပြောပွဲများ၊ Talk Showများ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ ငှားရမ်းခြင်းကို အပတ်စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း